International News

ဗီယက်နမ်နိုင်ငံ၊ဘဏ္ဍာရေးဝန်ကြီးဌာနက စက်သုံးဆီဆိုင်ရာ စည်းကြပ်ကောက်ခံသည့် အခွန် (Petrol Tax) များ လျော့ချကောက်ခံမည့် အစီအစဉ်အား လွှတ်တော်သို့ တင်ပြမည်

Last Updated:

ကမ္ဘာအနှံ့အပြားတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိရာ နိုင်ငံအသီးသီးမှ အစိုးရတို့သည် နည်းလမ်းများစွာ အသုံးပြု၍ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းသင့်တင့်စေရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြရာ ဗီယက်နမ်နိုင်ငံ အစိုးရအနေဖြင့် စက်သုံးဆီဆိုင်ရာ စည်းကြပ်ကောက်ခံသည့် အခွန်အခ (Petrol Tax) များအား လျော့ချကောက်ခံသွားမည့် အစီအစဉ်ကိုရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ဗီယက်နမ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီဆိုင်ရာ စည်းကြပ်ကောက်ခံသည့် အခွန်အခများလျော့ချကောက်ခံမည့် အစီအစဉ်အား ခွင့်ပြုချက်ရရှိစေရန် လာမည့်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်  လွှတ်တော်အစည်းအဝေးသို့  တင်ပြသွားမည်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံအစိုးရအနေဖြင့် စက်သုံးဆီလက်လီဈေးနှုန်းလျှော့ချနိုင်ရေး အစီအစဉ်အား လွှတ်တော်သို့တင်ပြရန်အတွက် ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ညွှန်ကြားခဲ့ပါသည်။

အထူးသဖြင့် ဗီယက်နမ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီအပေါ် လက်ရှိစည်းကြပ်  ကောက်ခံလျက်ရှိသည့် ယစ်မျိုးခွန် (Excise Tax) နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စည်းကြပ်ကောက်ခံသည့် ထပ်ဆင့်တိုးတန်ဖိုးမြှင့်ခွန် (Value-Added Tax-VAT) တို့အား ဖြတ်တောက်  လျော့ချခြင်း အစီအစဉ်အား သုံးသပ်တွက်ချက်စေရေးနှင့် အဆိုပါလျှော့ချမှုကြောင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (State Budget)အပေါ်အကျိုးသက်ရောက်မှုများအားစိစစ်သုံးသပ်သွားရေးတို့ကို ဂရုတစိုက် ဆက်လက်လုပ်ဆောင်သွားရန် ညွှန်ကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ လက်ရှိစက်သုံးဆီလက်လီဈေးနှုန်းစနစ်များတွင် စက်သုံးဆီ တစ်လီတာ ဈေးနှုန်းအတွက် အခွန်အကောက် ၄ မျိုး လွှမ်းခြုံပါဝင်ကြောင်းနှင့် အဆိုပါအခွန်အကောက်များမှာ သွင်းကုန်အခွန် (Import Tax) ၁၀ ရာခိုင်နှုန်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စည်းကြပ်ကောက်ခံသည့် ထပ်ဆင့်တိုးတန်ဖိုးမြှင့် အခွန် (Value-Added Tax-VAT) ၁၀ ရာခိုင်နှုန်း၊ တစ်လီတာလျှင် သဘာဝပတ်ဝန်း ကျင်ကာကွယ်မှုဆိုင်ရာအခွန် (Environmental Protection Tax) ဗီယက်နမ် ဒေါင် ၁,၀၀၀ တို့ပါဝင်ပြီး ယစ်မျိုးခွန် (Excise Tax) အနေဖြင့် ဓါတ်ဆီအမျိုးအစားများ ဖြစ်ကြသည့် RON 95 အတွက် ၁၀ ရာခိုင်နှုန်း၊ E5 အတွက် ၈ ရာခိုင်နှုန်းနှင့် E10 အတွက် ၇ ရာခိုင်နှုန်းစည်းကြပ်ကောက်ခံလျက်ရှိကြောင်းနှင့် ရေနံနှင့်  ဓာတုထွက်ကုန်ပစ္စည်းများကိုမူ အဆိုပါအခွန်များ စည်းကြပ်ကောက်ခံခြင်းတို့မှ ကင်းလွတ်ခွင့်ပြုထားပါသည်။

ဗီယက်နမ်နိုင်ငံတွင်ရေနံထွက်ကုန်ပစ္စည်းများအတွက် စုစုပေါင်း အခွန်အကောက်နှင့် အခြားကုန်ကျစရိတ်များသည် စက်သုံးဆီလက်လီဈေးနှုန်း၏ ၂၈ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံစက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရေးအသင်း (Viet Na, Petroleum Association) ၏ အချက်အလက်များအရ RON 95-III စက်သုံးဆီတစ်လီတာ၏ ဈေးနှုန်းတွင် အခွန်ဗီယက်နမ်ဒေါင် ၁၀,၀၀၀ နှင့် အခြားကျသင့်ငွေ ဗီယက်နမ် ဒေါင် ၁,၀၀၀ ထက်မနည်း ပါဝင်ကြောင်း၊ ဗီယက်နမ် နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် ထုတ်လုပ်မှုပြန်လည်ကောင်းမွန်လာစေရန် စက်သုံးဆီဆိုင်ရာ အခွန်လျော့ပေါ့ပေးမှုအား စောင့်ဆိုင်းလျက်ရှိကြပါသည်။

ဗီယက်နမ်နိုင်ငံ၌ လက်ရှိစက်သုံးဆီမြင့်တက်မှုအခြေအနေသည် အနာဂတ်ကာလတွင် ဆက်လက်တည်ရှိနေမည်လားဆိုသည်ကို မခန့်မှန်းနိုင်ကြောင်းနှင့် ကုန်ဈေးနှုန်းဆိုင်ရာအညွှန်းကိန်းများနှင့် ငွေကြေးဖောင်းပွမှုကြီးမားလာနိုင်သည့်အပေါ် ဖိအားများစွာရှိနေကြောင်း ဒုတိယဝန်ကြီးချုပ် Le Minh Khai က ပြောကြားခဲ့ပါသည်။

သို့ဖြစ်၍ ၎င်းအနေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား ဂရုတစိုက်စိစစ်တွက်ချက်ရန် ညွှန်ကြားထားပြီး အဆိုပါတွက်ချက်မှုအရ ပိုမိုလျော့ချနိုင်မည်ဆိုပါက စားသုံးသူဈေးဆနှုန်းအညွှန်းကိန်း (Consumer Price Index) အပေါ် ကြီးမားသည့်သက်ရောက်မှုများမရှိစေရန် ရှောင်ရှား၍ စက်သုံးဆီအား စည်းကြပ်ကောက်ခံသည့် အခွန်များဖြစ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စည်းကြပ်ကောက်ခံသည့် ထပ်ဆင့်တိုးတန်ဖိုးမြှင့်အခွန် (Value-Added Tax-VAT) နှင့် အထူးစားသုံးခွန် (Consumption Tax) များကို ပိုမိုလျော့ချကောက်ခံပေးသွားရန် ညွှန်ကြားထားပါသည်။

စက်သုံးဆီဈေးနှုန်းကျဆင်းသွားစေရေး ပတ်ဝန်းကျင်ညစ်ညမ်းစေမှုမှ ကာကွယ်ရန် စီမံပြုလုပ်ထားသည့် စက်သုံးဆီ (Unleaded Petrol) အတွက် နိုင်ငံတော်မှ အထူး အခွင့်အရေးပေးထားသော သွင်းကုန်အခွန် (Most Favoured Nation-MFN Tariff) အား လက်ရှိစည်းကြပ်ကောက်ခံသည့် နှုန်းထား ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာ ခိုင်နှုန်းသို့ လျှော့ချကောက်ခံသွားရန် အဆိုပြုတင်ပြထားကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံအစိုးရသည် ရေနံနှင့် ဓာတုထွက်ကုန်ပစ္စည်းများအတွက် နိုင်ငံတကာ စံနှုန်းများနှင့်အညီ လက်ရှိအချိန်တွင် MFN tariff ကို ၇ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ စက်သုံးဆီသည် ထုတ်လုပ်မှု၊ စီးပွားရေး လုပ်ငန်းများ လှုပ်ရှားလည်ပတ်မှုနှင့် လူတို့၏ လူမှုဘဝတွင် အရေးပါသည့် မဟာဗျူဟာအရ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိစက်သုံးဆီဈေးနှုန်းများမြင့်တက်ခြင်းနှင့် စက်သုံးဆီထောက်ပံ့မှု ပြတ်တောက်ခြင်းသည် ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းသုံးကုန် ကျစရိတ်များ အပါအဝင်လူတို့၏ သုံးစွဲမှုအပေါ် ကြီးမားသော အကျိုးသက်‌‌ရောက်မှုကို ဖြစ်ပေါ်စေကြောင်း၊ စက်သုံးဆီထောက်ပံ့မှုပြတ်တောက်ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလုပ်ဆောင်မှုများကို နှေးကွေးသွားစေနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတွင်းသို့ ပတ်ဝန်းကျင်ညစ်ညမ်းစေမှုမှ ကာကွယ်ရန် စီမံပြုလုပ်ထားသည့်စက်သုံးဆီ (Unleaded Petrol) ကို တင်သွင်းမှု  မရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ရေနံနှင့်ဓာတုထွက်ကုန်ပစ္စည်းများအတွက် MFN Tariff ကို မပြောင်းမလဲထားရှိရန် အဆိုပြုတင်ပြထားကြောင်း ဗီယက်နမ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားပါသည်။

အခွန်လျှော့ချခြင်းဆိုင်ရာအဆိုပြုချက်သည် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများကို လျော့ကျစေရန် တစ်ခုတည်းသော ရွေးချယ်ပိုင်ခွင့် နည်းလမ်းတစ်ခုဖြစ်ပြီး လာမည့်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေးအထိ မစောင့်ဆိုင်းသင့်ဟု ကျွမ်းကျင်ပညာရှင်များက ဝေဖန်ပြောဆိုထားကြောင်းနှင့် လွှတ်တော်အနေဖြင့် အထူးကိစ္စရပ်တစ်ခုအဖြစ် ချက်ချင်းဖြေရှင်း ဆောင်ရွက်သင့်သည်ဟုလည်း Le Minh Khai ကပြောကြားပါသည်။

ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အဆိုပြုတင်ပြချက်အား အောက်တိုဘာလ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ပြီး နိုဝင်ဘာလ ရောက်မှသာ အခွန်လျှော့ပေါ့ခြင်းကိစ္စရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ဟနွိုင်းစီးပွားရေးနှင့် နည်းပညာတက္ကသိုလ်မှ ကထိကဖြစ်သူ Nguyen Ngou Yu က ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်လျက်ရှိသကဲ့သို့ ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများသည်လည်း အဆမတန်မြင့် တက်လျက်ရှိသည်ဟု ဆက်လက် ပြောကြားခဲ့ပါသည်။

 

 

                                    

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

 

Source: Viet Nam News

Category: International News